Emergency Voice Communication System သို့ PA System ကို တပ်ဆင်ဖို့ Design လုပ်ဖို့ဆိုရင် ပထမဆုံးသိရမှာက ဘယ်လိုအဆောက်အဦးတွေမှာတပ်ဖို့လိုတာလဲ၊ ဘယ်လိုအနေအထားမှာတပ်ဖို့လိုတာလဲ၊ တပ်ဆင်ဖို့လိုလာရင်ရော ဘယ်လို standard တွေ code တွေကိုလိုက်နာဖို့လိုပါသလဲ။ ဒီဇိုင်းလုပ်ရာမှာကြိုတင်ထည့်သွင်းစဥ်းစားရမည့်အချက်တွေလဲ ဂရုပြုဒီဇိုင်းလုပ်ကြရပါမယ်။ စာရေးသူက ယူကေမှာလက်ရှိနေထိုင်နေပေမယ့် စင်ကာပူမှာအတော်ကြာကြာ M&E အတိုင်ပင်ခံလုပ်ငန်းမှာလုပ်ခဲ့သူမို့ စင်ကာပူနိုင်ငံမှာ PA system တပ်ဆင်ဖို့လိုအပ်ရင် လိုက်နာရမည့် အရာတွေကိုမျှဝေပေးပါ့မယ်။
ပထမဆုံးအနေနဲ့ PA System ကိုတပ်ဆင်ဖို့လိုမလိုဆိုတာကို ဗိသုကာကိုမေးဖို့လိုသလို သူ့ဘက်ကမသေချာရင်တော့ မိမိကိုယ်တိုင် SCDF building fire code ကိုလည်းစစ်နိုင်ပါတယ်။ ဘာကြောင့် ဗိသုကာကို PA လိုသလားမလိုဘူးလားမေးဖို့လိုတာလဲလို့မေးစရာရှိနိုင်ပါတယ်။ ဗိသုကာတွေဟာ Project တွေမှာ Lead Consultant ဖြစ်တဲ့အပြင် အဆောက်အဦးရဲ့ Accessible Floor Area (AFA အရင်က GFA ကိုသုံးပေခဲ့ကြပေမယ့် 2018 Fire Code ကနေစပြီး AFA ကိုသုံးပါတယ်) ဘယ်လောက်ကျယ်သလဲသိသလို အဆောက်အဦးက ဘယ် Purpose Group အောက်မှာပါလဲဆိုတာကို Define လုပ်သူမို့လို့ သူတို့နဲ့စစ်တာ Confirm လုပ်တာမမှားပါဘူး။ PG အမျိုးအစားတွေကို SCDF Fire Code မှာ Table 1.4A မှာ ဘယ်လိုအဆောက်အဦးက ဘယ် PG အောက်မှပါတယ်ဆိုတာ တိတိကျကျသတ်မှတ်ထားပါတယ်။
One-way EVC နဲ့ Fire Command Centre (FCC) ကို အောက်ပါအဆောက်အဦးတွေမှာလိုအပ်ပါတယ်။
1. ကြီးမားတဲ့ PG 3 (မူလတန်း အလယ်တန်း အထက်တန်းကျောင်းနဲ့ ဂျူနီယာကောလိပ်တွေမှာမလို) PG4, PG5, PG6, PG7 PG8 လို့သတ်မှတ်တဲ့အဆောက်အဦးတွေမှာ AFA က 5000 မီတာပတ်လည်ကျော်ရင်ဖြစ်စေ၊ Occupant Load (OL) ဦးရေ 1000 ကျော်ရင်ဖြစ်စေ လိုအပ်ပါတယ်တဲ့။ ကားပါကင်လိုနေရာမျိုးတွေအတွက်တော့ AFA တွက်ရာမှာနဲ့ OL တွက်ရာမှာထည့်တွက်ဖို့ (ကားပါကင်လိုနေရာတွေက Occupant တွေ ခဏတာ ဖြတ်သန်းသွားလာရာနေရာဖြစ်လို့ အသက်အန္တရာယ်အတွက်စိုရိမ်ရမှု risk နဲတဲ့အတွက် FCC One-way EVC အတွက် AFA သို့ OL တွက်ရာမှာထည့်တွက်ရင် လက်တွေ့မကျလှလို့) မလိုအပ်ပါဘူးတဲ့။ AFA တွက်ရာမှာလိုက်နာရမည့်အချက်တွေကိုတော့ ဒီနေရာမှာ (မသေချာရင်တော့ဗိသုကာကိုလည်းမေးနိုင်တာအပြင် မေးဖို့အတည်ပြုချက်ရယူဖို့လည်း လိုအပ်တာကြောင့်) အကျယ်မရေးတော့ပါဘူး။
2. PG3, PG4, PG5, PG6, PG7 နဲ့ PG8 အဆောက်အဦးတွေက Habitable Height 24 မီတာထက်မြင့်ရင် (Habitable Hight ဆိုတာက ပုံမှန်အသုံးပြုသူတွေ နေထိုင်ရာ အလုပ်လုပ်ရာ အမြင့်ဆုံးအထပ်ကနေ မီးသတ်ကားဝင်ထွက်ရပ်နိုင်တဲ့မြေညီထပ် အကြားအကွာအဝေးကိုသတ်မှတ်တာဖြစ်ပါတယ်) တော့ EVC one-way ရော FCC ပါလိုအပ်ပါတယ်။
3. Commercial နဲ့ Residential ရောထားတဲ့ Mixed Development တွေမှာလည်း (Residential အဆောက်အဦးတွေချည်းသီးသန့်ဆိုရင်တော့ Habitable Height 24 မီတာမြင့်ထက်ကျော်ရင်လည်း One-way EVC မလိုအပ်ပါဘူး) Commercial အဖြစ်သုံးတဲ့နေရာ သို့ အထပ်က Habitable Height 24 မီတာထက်မြင့်ရင် One-way EVC နဲ့ FCC လိုအပ်ပါတယ်။
4. ချွင်းချက်အနေနဲ့ Hotel တွေ ကျန်းမာရေးဆိုင်ရာဆေးရုံလိုအဆောက်အဦးတွေမှာတော့ Habitable Height 24 မီတာထက်နိမ့်ပါသော်လည်း သို့ AFA 5000 မီတာပတ်လည်ထက်ငယ်ရင်သော်လည်း သို့ OL 1000 ထက်လျော့နည်းရင်တောင် Ordinary Public Address System (One-way EVC သတ်မှတ်ချက်အလုံးစုံပြည့်မှီဖို့မလို) ကိုတပ်ဆင်ပေးရပါမယ်။ ဒီ PA System က မြန်မြန်နဲ့စံနစ်တကျ Evacuation လုပ်ပေးနိုင်ဖို့များစွာအထောက်အကူပြုတာမို့လို့ Occupant တွေအနေနဲ့ အကျွမ်းတဝင်မရှိတဲ့အဆောက်အဦမျိုးတွေဖြစ်တဲ့ Hotel လို ဆေးရုံလိုအဆောက်အဦးတွေမှာ PA system ကိုတပ်ဆင်ပေးဖို့လိုအပ်တယ်လို့ SCDF fire code interactive version မှာရှင်းပြထားပါတယ်။
Emergency Voice Communication System တွေကို Design လုပ်ရင်တော့ Singapore Standard SS 546: 2022 အရ Design လုပ်ပေးဖို့လိုအပ်တာကိုလည်းမှတ်သားဖို့သိဖို့လိုအပ်ပါတယ်။ EVC System Design ပိုင်းကိုတော့နောက်အပိုင်းတွေမှဆက်လက်ပြီးရေးပေးပါမယ်။